Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Thursday, August 30, 2007

ရင်ကွဲသံစဉ်

အိပ်မက်တွေပျောက်
ရင်ခုန်သံတွေ တပ်ခေါက်
ခံစားချက်တွေတစ်စစီ ပြန်ကောက်ပြီး
မင်းဘ၀ထဲက ငါထွက်သွားပါတော့မယ်..

မင်းအတွက်...
ငါ့ခံစားချက်တွေ စွန့်လွှတ်လိုက်ရပါစေ
မင်းအတွက်...
ငါ့သိက္ခာတွေ အနစ်နာခံလိုက်ရပါစေ
မင်းအတွက်...
ငါ့အချစ်တွေ ပေးဆပ်လိုက်ရပါစေ
မင်းအတွက်...
ငါ့နှလုံးသားကိုပါ စတေးလိုက်ရပါစေ
ငါကျေနပ်တယ်...

Friday, August 10, 2007

နှစ်သက်မိသောကဗျာ(၂)

ကဗျာလေးရဲ့ ခေါင်းစဉ် က "မသိခြင်းများ"

လျှောက်နေခဲ့တယ် …
ဒီလမ်းတွေပေါ်မှာပါပဲ …
လျှောက်ရင်း … လျှောက်ရင်း …
ပန်းတိုင်ကလည်း ဝေးသည်ထက်ဝေး
ခြေလှမ်းတွေလည်း နှေးသည်ထက်နှေး …

ဒီလိုနဲ့
နောက်ဆုံး …
… …. …. ….
… …. …. ….
… …. …. ….

ယုံကြည်ချက်ပျောက်ပြီး
သံသယတွေဝင်ရောက်ခဲ့ …
ဘယ်သူက မိတ်ဆွေအတု
ဘယ်သူက ရန်သူအစစ်
ဘယ်သူက နောက်ကျောကို ဓားနဲ့ထိုးပြီး
ဘယ်သူက ရင်ဝကို ဓားနဲ့စိုက်မလဲ …
မခွဲခြားတတ်ခဲ့တော့ …

မျက်လုံးတွေကို ကြောက်ရွံ
အပြုံးတွေကို ထိတ်လန့်
ကြားရတဲ့ စကားတွေ ခါးသက်
ကမ်းတဲ့လက်တွေ အေးစက်

နောက် … ပြန်လှည့်ရမလား
ရှေ့ … ဆက်တိုးရမလား …

ရှေ့တိုးရင် ထမ်းပိုး
နောက်ဆုတ်တော့ လှည်းတုတ် … တဲ့
ရွေးချယ်ခွင့်မရှိတဲ့ ဘ၀အမှားမှာ
နွားတကောင်လို ခြေရာချင်းထပ်အောင်
နွံထဲသာ ရုန်းရတော့မလား …

သေချာတာကတော့
မရေမရာ အတွေးနဲ့
တွေဝေစွာ ငေးလျက်
ရပ်တံ့လို့ နေမိပါရဲ့ … ။ … ။

ကဗျာရေးသူ။ ။မမေဓာဝီ

ဒီကဗျာလေးက အပြည့်အစုံမဟုတ်ပါဘူး..။အပြည့်အစုံဖတ်လိုပါက..မမေ ဘလောက်တွင်ဖတ်ရှုနိုင်ပါသည်။
ကူးယူခွင့်ပေးသော မမေ အားကျေးဇူးတင်ပါတယ်။

Wednesday, August 8, 2007

နှစ်သက်မိသောကဗျာ(၁)

အခက်ခဲဆုံး

ငါ့မှာ စကားလုံးတွေခေါင်းပါးခဲ့တယ်
ပြောချင်တာကို ပြောပြဖို့အတွက်...
နှလုံးသား ခံစားချက်ကို စာရွက်တစ်ခုမှာ ချပြဖို့အတွက်....
သူများတွေထက် ဘာလို့ခက်ခဲနေရတာလည်း။

ငါဒါကိုမရေးမီ၊ ရှေ့မှာ စာလိုလို ကဗျာလိုလို ၂ ခုရေးခဲ့တယ်။
စိတ်တိုင်းမကျလို့ ပြန်ပြီးဖျက်ခဲ့ရတာ တစ်ဝက်ကျိုးနေတဲ့အချိန်မှာပဲ။

ရင်ထဲမှာ ပြည့်ကျပ်နေတယ်..
ဖော်ထုတ်ဖို့အတွက် ကလောက်တစ်ချောင်းလောက် ပေးသနားပါလို့
တောင်းဆိုချင်သော်လည်း
ငါ့နှုတ်က တောင်းဆိုမှုတွေမထွက်ခဲ့တာ ဘာကြောင့်ပါလည်း။

နောက်ဆုံးတော့ လက်မှိုင်ချပြီး
မျက်ရည်များအဖြစ် ရွာချလိုက်ချင်တဲ့အချိန်ရောက်တဲ့အခါ
ငါ့မာနက မျက်ရည်တွေကို
ဆည်ဖို့လိုက်တော့
ခံစားချက်ထွက်ပေါက်
အားလုံးပိတ်ခံလိုက်ရရင်း
ရင်တွင်းမှာမီးတောင် ပေါက်ကွဲလိုက်တယ်..
ငါသာသိစေ ရင်ကွဲစေ....

ကဗျာရေးသူ။ ။ မဘာညာ

ကြိုက်လွန်းလို့ ခွင့်တောင်းပြီးကူးထားလိုက်တာပါ။ ကူးယူခွင့်ပေးသော မဘာညာအားကျေးဇူးတင်ပါသည်။