Tuesday, June 5, 2007

အနှိုင်းမဲ့အလှူ

လွန်ခဲ့တဲ့ ကိုးဆယ့်တစ်ကမ္ဘာ၊ ၀ီပသီဘုရားရှင်လက်ထက်တုန်းက ဗန္ဒုမတီ မြို့မှာ ကိုနေဇာ ဆိုတဲ့ သူဆင်းရဲတစ်ဦးရှိခဲ့ဖူးပါတယ်။ သူတစ်ပါးခိုင်းသမျှလုပ်ပြီး
သူတစ်ပါးကျွေးသမျှ စားနေရတဲ့ သူတစ်ပါးအိမ်မှာ မှီခို ကပ်ရပ်နေရသူ၊ သူတစ်ပါးရဲ့ အမှုလုပ် အစေအပါးတစ်ဦးပါ။
တစ်နေ့တော့ ဆိတ်ငြိမ်ရာနေရာတစ်ခုမှာအေးအေးဆေးဆေး ထိုင်ရင်း ကိုနေဇာ ကိုယ့်ဘ၀ကိုယ် ဆင်ခြင်သုံးသပ်နေမိပါတယ်။
"သြော် ငါ့မလဲ (ငါ့မှာလည်း) ဆင်းရဲလိုက်တာလွန်ရော၊ လောကမှာ ဘုရားပွင့်နေတာတောင် ဘာကုသိုလ်မှ မည်မည်ရရမလုပ်နိုင်သေးဘူး၊ ဒီအတိုင်းသာ ကုသိုလ်လက်မဲ့နဲ့ သေသွားမယ်ဆိုရင် အပါယ်လေးပါး လားရောက်ရုံပဲရှိတယ်၊ ကုသိုလ်မရှိသူတွေရဲ့  သွားရာလမ်းဟာ အပါယ်ငရဲကလွဲလို့ ဘာမှမရှိဘူးလေ”
" ဒီအတိုင်း ကုသိုလ်လက်မဲ့ နဲ့ နေလို့တော့ မဖြစ်သေးပါဘူး။ ဘ၀လမ်းကြောင်း ကောင်းအောင် သုတ်သင်ရှင်းလင်းဦးမှပါ။ ဒီအချိန်မှ ကုသိုလ်မလုပ် ဘယ်အချိန်သွားလုပ်မလဲ၊ ဘုရားပွင့်နေတဲ့ အခွင့်ကောင်း အခါကောင်းကို အကောင်းဆုံး အသုံးချမှဖြစ်မယ်"
"မရှိလို့ မလှူ ၊ မလှူလို့မရှိဆိုရင် မရှိသံသရာကြီးဘယ်တော့မှ လည်ပတ်လို့ ဆုံးမှာမဟုတ်တော့ဘူး၊ မရှိတဲ့ကြားထဲကပဲအကောင်းဆုံး အလှူတစ်ခုတော့ပြုဖြစ်အောင်ပြုဦးမှ"
"သူများတွေလို ခဏခဏလည်း လှူနိုင်တာ မဟုတ်တော့ တစ်ခါလှူရုံ နဲ့ တစ်သက်လုံး ခိုင်မြဲနေတဲ့အလှူလှူမှဖြစ်မယ်၊ တစ်သက်လုံး ခိုင်တဲ့အလှူ...ဘာအလှူများပါလိမ့်"

အင်း...ဟုတ်ပြီ॥ဟုတ်ပြီ...၊တစ်သက်လုံးခိုင်တဲ့အလှူဟာကျောင်းအလှူလို့ဘုရားဟောတာငါကြားဖူးတယ်॥၊ငါကျောင်းဆောက်မယ်...၊ ငါအကျောင်းအလှူလှူမယ်॥၊ငါကျောင်းဆောက်မယ်...ငါအကျောင်းအလှူလှူမယ်॥၊အသပြာချို့တဲ့ပေမယ့် သဒါမချို့တ၊ဲ့တဲ့ ကိုနေဇာ အရှိဆင်းရဲပေမယ့်၊အသိမဆင်းရဲတဲ့ ကိုနေဇာ၊ တစ်ကြိမ်လှူရုံနဲ့ တစ်သက်လုံး ခိုင်မာနေမယ့် တစ်ကွက်ကောင်းအလှူကို အတိအကျ ရွေးချယ်နိုင်ခဲ့ပါတယ်။ ငွေကြေးတစ်ပြား တစ်ချပ်မှမရှိပေမယ့်ကျောင်းအလှူကိုမှ လှူချင်တဲ့ ကိုနေဇာ॥ အလုပ်ရှင်ထံ ခွင့်တစ်ရက်တောင်းပြီး ဓားတစ်ချောင်းနဲ့ တောထဲထွက်လာခဲ့ပါတယ်။ ကျောင်းတိုင်အတွက် သစ်ပင်သုံးပင်ခုတ်၊ ကျောင်းအခင်း အတွက် ၀ါးတွေ၊ နွယ်တွေဖြတ်၊ ကျောင်းအကာနဲ့အမိုးအတွက် သစ်ရွက်တွေ မြက်တွေခူးပြီး တောရကျောင်း တစ်ခုမှာ မြက်မိုးသစ်ရွက်ကာ သုံးတိုင်စင်ကျောင်းလေး နေ့ချင်းပြီး ဆောက်လုပ်လိုက်ပါတယ်။
အရပ်လေးမျက်နှာက ရောက်လာကြမယ့် သံဃာအရှင်မြတ်အပေါင်းအား လှူဒါန်းပါတယ်၊

ဤကျောင်းမှာ သတင်းသုံးပြီး ပဋိပတ်အလုပ် အားထုတ်တော်မူနိုင်ကြပါစေ။ မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြင့် နိဗာန်ကို မျက်မှောက်ပြုတော်မူနိုင်ကြပါစေ လို့ သံဃိက ရေစက်ချလှူဒါန်းပြီး ကိုနေဇာ အလုပ်ရှင်ထံ ပြန်လာခဲ့ပါတယ်။ အဲ့ဒီတစ်သက် အဲဒီကျောင်းအလှူတစ်ခုကလွဲလို့ ကိုနေဇာဘာမှမလှူဖြစ်တော့ပါဘူး။
ဒါပေမဲ့ တစ်ကွက်ကောင်းအလှူ ဆိုတော့သတိရတိုင်း အလှူအသစ်ထပ်ဖြစ်ပြီး ကိုနေဇာ ရဲ့  သန္တာန်မှာ ကုသိုလ်စိတ်တွေ အမြဲပူနွေးနေပါတယ်။ ကုသိုလ်ပူနွေးတဲ့ ကိုနေဇာ သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်က ဘုံဆင့်တစ်ရာ(အထပ်ပေါင်းတစ်ရာ)ရှိတဲ့ ရွှေဗိမာန်ကြီးမှာ နတ်သားဖြစ်ခဲ့ရပါတယ်။
ဘ၀ဆက်တိုင်းလည်း ကုသိုလ်အသစ်အသစ်တွေ ပူနွေးအောင် ထပ်မံပြုလုပ်နိုင်တဲ့အတွက် ကိုးဆယ့်တစ်ကမ္ဘာ၊ လုံးအပါယ်လေးပါး မလားရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၊ ကောင်းရာသုဂတိဘုံတွေမှာပဲ အဆင့်အတန်း မြင့်မြင့် အထက်တန်းကျကျ ကျင်လည်ခဲ့ရပါတယ်။

ကောက်နှုတ်ချက်။ ။(အရှင်ဆန္ဒာဓိက ၏ အနှိုင်းမဲ့အလှူ)

No comments: