Monday, May 14, 2007

အသေကြီး နဲ့ အသေလေး

အသေကြီး” ဆိုတာ
ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ။(မနိုးသောအိပ်စက်ခြင်း)
အသေလေး”ဆိုတာ
ဘ၀တစ်နေ့တာရဲ့  နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ (နိုးသောအိပ်စက်ခြင်း)
---
မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ အကောင်းဆုံး အနေအထားဖြစ်နေဖို့အတွက်...
နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

အသေကြီးနဲ့ သေခါနီးအချိန်မှာ အာရုံကောင်း နိမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက်
အသေလေးနဲ့ သေခါနီးအချိန်ကို အကောင်းဆုံးအနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

ညအိပ်စက်တာဟာ..အသေလေးနဲ့ သေတာပါ။
ညအိပ်တော့မယ်လို့ မျက်စိမှိတ်လိုက်တာနဲ့တစ်ပြိုင်နက် အာရုံကောင်းတွေ၊ ကုသိုလ်အာရုံတွေကိုပဲ ထင်မြင်နေစေရပါမယ်။
ကုသိုလ်အာရုံက..

  • ဒါနအာရုံ
  • သီလအာရုံ
  • သမထအာရုံ
  • ၀ိပသနာအာရုံ လို့ လေးမျိုးရှိပါတယ်။

တကယ်သေခါနီးအချိန်မှာ ဘယ်ကုသိုလ်အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို့ရမယ် ဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက်....အိပ်ခါနီးအချိန်မှာ ကုသိုလ် အာရုံလေးမျိုးကို ယူထားရပါမယ်.

စနစ်တကျ ကြိုတင်လေ့ကျင့်ထားတာတောင်မှ တကယ့်တကယ် သေခါနီးကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိဖြစ်နေတတ်ပါတယ်။တကယ်လို့သိခဲ့ရင်တောင်မှ အင်အားကြီးမားတဲ့ အစွဲအလမ်းအာရုံတွေ၊ အတွယ်အတာအာရုံတွေရဲ့ လွမ်းမိုးမှုကြောင့် ကုသိုလ်အာရုံကို အာရုံယူဖို့ ခက်ခဲနေတတ်ပါတယ်။

ဒါကြောင့်ညအိပ်ခါနီးအချိန်ကို တကယ်သေခါနီးအချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။

ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်ထိ ဘ၀တစ်သက်တာမှာ ပြုခဲ့တဲ့ဒါနကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှုတစ်ခုခုကိုအာရုံပြုရပါမယ်။
ညအိပ်ယာဝင်ခါနီးတိုင်း ဘုရားသောက်တောရေအသစ်လဲတဲ့အကျင့် စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး(အသေလေး နဲ့ သေခါနီး) ရဲ့  အနီးကပ်ဆုံး ဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့တနေ့တာကို အဆုံးသတ်လိုက်ရတဲ့အတွက်...ဘ၀တလျှောက်လုံး အစစအရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။

သီလကုသိုလ်
အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ဆင်ခြင်လိုက်တဲ့အချိန်မှာ ငါးပါးသီလလုံခြုံသူ ဖြစ်နေဖို့အတွက် ညအိပ်ယာဝင်တိုင်း ငါးပါးသီလကို အသစ်ခံယူဆောက်တည်ပါ.
ဆောက်တည်ပြီးတဲ့အချိန်ကစပြီးမကျိုးပေါက်ပါစေနဲ့။ (အိပ်တော့မယ်ဆိုရင်လည်း..ကျိုးပေါက်စရာမရှိတော့ပါဘူး)
ဒါဆိုရင် ငါ အခုနောက်ဆုံးငါးပါးသီလယူပြီးတဲ့အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီ လို့ ၀မ်းမြောက်ဝမ်းသာဖြစ်နိုင်ပါတယ်။

သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကို ပွားများပါ။
(ဥပမာ။ အရဟံဂုဏ်တော် ရဲ့ အဓိပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်းပွားများရပါမယ်)
သမထအနေနဲ့ မေတ္တာဘာဝနာပွားများနေရပါမယ်။ ”အနည်းဆုံး သတ္တ၀ါအားလုံး ချမ်းသာကြပါစေ” လို့ သုံးခေါက်လောက်ပွားများပါ။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြုဝမ်းမြောက်ပြီးပြီဆိုရင် နောက်ဆုံး ၀ိပသနာကုသိုလ် နဲ့ အိပ်လိုက်ပါတော့။

ညအိပ်ယာဝင်တိုင်း ကုသိုလ်အာရုံတွေနဲ့ သေသွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦးကိုယ်ဦး လက်ကမ်းကြိုဆိုနေကြမှာပါ။
ဒါ့ကြောင့် ညအိပ်ယာဝင် ၊ ခေါင်းအုံးပေါ် ခေါင်းချ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် ”ငါခဏသေလိုက်ဦးမယ်” လို့ကိုယ့်ကိုယ်ကို စိတ်ထဲကပြောပြီးသေနည်းလေ့ကျင့်ထားကြဖို့ အထူးတိုက်တွန်းလိုက်ပါတယ်။

(အရှင်ဆန္ဒာဓိက, မသေခင်ဘာလုပ်ကြမလဲ)

No comments: