Thursday, May 17, 2007

ဘာကြောင့်အရပ်ပုရတယ်

အရှင် လကုဏကဘဒိယမထေရ် က အရပ်ပုပါတယ်။
ဒါပေမယ့်လို့ အသံကျတော့ သိပ်ကောင်းတယ်တဲ့။ အသံသာယာတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊အမြတ်ဆုံး ဆိုပြီးတော့ မြတ်စွာဘုရားပြီးရင်အသံသာယာတဲ့နေရာမှာ အသာဆုံး အမြတ်ဆုံးဆိုတဲ့ ဧတဒဂ်ဘွဲ့ ထူးကိုလည်း ရရှိခဲ့ပါတယ်။

အရပ်ပုတဲ့အကြောင်းက ဘ၀တစ်ခုတုန်းက ကသပ မြတ်စွာဘုရားရှင်ရဲ့  ဓာတ်တော်တွေကို ဋ္ဌာပနာသွင်းပြီး စေတီတည်မယ်လုပ်တော့ သူများတွေက ခုနှစ်ယူဇနာအ၀န်းအ၀ိုင်းရှိတဲ့ စေတီတည်မယ်လို့ပြောတာ သူက စေတီသိပ်ကြီးလို့ ရှိရင် ထိန်းသိမ်းစောင့်ရှောက်ရာတာခက်ပါတယ် ဆိုပြီးတော့ တစ်ယူဇနာပဲ
တည်တာကောင်းတယ်လို့ အကြံပေးခဲ့တယ်။
သူများခုနှစ်ယူဇနာတည်တာကို တစ်ယူဇနာပဲလုပ်ပါလို့ သူများကုသိုလ်မှာ လျှော့လျှော့ပေါ့ပေါ့ လုပ်ခိုင်းလိုက်တဲ့အတွက် ကြောင့် အရပ်ပုရခြင်းဖြစ်ပါတယ်တဲ့။

ဘာကြောင့်အသံကောင်းရတယ်

အသံကောင်းရတာကျတော့ ဘာကြောင့်လဲဆိုရင် ၀ိပသီမြတ်စွာဘုရားရှင်လက်ထက်တုန်းက ဥသြဌက်ကလေး ဖြစ်ခဲ့ဘူးတယ်။ တစ်နေ့တော့ သားသမီးတွေ စားဖို့ဆိုပြီးတော့ သရက်သီးမှည့်မှည့်လေး တစ်လုံးချီလာတယ်။
မြတ်စွာဘုရားနဲ့သံဃာတော်တွေ ကြွလာတာမြင်တော့ မြတ်စွာဘုရားကို ကြည်ညိုတာနဲ့ မြတ်စွာဘုရားရှင်ရဲ့ သပိတ်ထဲမှာ အဲ့ဒီသရက်သီးမှည့်လေးကို လောင်းလှူလိုက်ပါတယ်။
သားသမီးတွေကိုတော့ တခြားသရက်သီးပဲ ရှာကျွေးတော့မယ်ဆိုပြီး ချီလာတဲ့သရက်သီးလေး လောင်းလှူပြီးတော့ ပီတိတွေအကြီးအကျယ်ဖြစ်လိုက်တာ၊ အစာရှာတောင် မထွက်တော့ဘဲ ခုနှစ်ရက်တိုင်တိုင် အသိုက်ထဲမှာပဲ ပီတိစားရင်းနေပါသတဲ့။လိုရင်းကတော့ မြတ်စွာဘုရားရှင်ကို သရက်သီးမှည့်လှူဒါန်းခဲ့တဲ့ကောင်းမှုကြောင့် အသံကောင်းရခြင်းဖြစ်ပါတယ်တဲ့။
သရက်သီးမှည့်က တကယ်လည်း အသံကောင်းပါတယ်။

မှတ်ချက်။ ။အခု မြန်မာမှာ သရက်သီးမှည့်တွေ ပေါနေတဲ့ရာသီလေ...ကဲ- ဒီစာလေးကိုဖတ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်။

No comments: