Tuesday, May 22, 2007

တစ်ဖက်တိုးဖို့တစ်ဖက်ယူ.တစ်ဖက်လူအပေါ်ရိုးပါဦးမလား

ကုရုတိုင်းရဲ့တင်းခြင်အမတ်(စပါးဒိုင်အမတ်)ငါးပါးသီလကိုအလေးအနက်အထွတ်အမြတ်ထားကျင့်သုံးပုံကလည်း ကြည်ညိုလေးစားစရာ အတုယူအားကျစရာ ကောင်းလှပါတယ်။
တစ်နေ့တော့ တင်းခြင်အမတ် ဟာ စပါးကျီတစ်ခုရဲ့ တံခါးခုံမှာ ထိုင်ရင်း ရှင်ဘုရင်အတွက်စပါး ခွဲတမ်းတွေ ခြင်တွယ်နေပါတယ်။မခြင်ရသေးတဲ့ စပါးပုံထဲကနေ ခြင်တောင်းတစ်ခုနဲ့ ခြင်တွယ်ပြီးရှင်ဘုရင့် အတွက် စပါးပုံ တစ်ခု ပြုလုပ်ပါတယ်။ ခြင်ပြီးသားရှင်ဘုရင့် စပါးပုံ ထဲကို စပါးတောင်းဘယ်နှတောင်း ရောက်သွားပြီဆိုတာ ရေ တွက်မှတ်သားနေပါတယ်။
အဲ့ဒီလို စပါးခြင်လို့ကောင်းနေတုန်းမှာ ...ဖြုန်း... ခနဲဆို ”မိုး”က ရုတ်တရက် ရွာချလိုက်ပါတယ်။မမျှော်လင့်ဘဲ သည်းကြီးမဲကြီး ရွာချလိုက်တဲ့မိုးကြောင့် တင်းခြင်းအမတ် လည်း ကမန်းကတန်း နဲ့ ခြင်လက်စ စပါး တောင်း ထဲကစပါးတွေကို ခြင်ပြီးသား ရှင်ဘုရင့်စပါးပုံထဲ ကပျာကယာ အမြန်လောင်းထည့် ပြီး မိုးခိုဖို့ စပါးကျီထဲ အပြေး အလွှား ၀င်လိုက်ပါတယ်။
စပါးကျီထဲမှာ မိုးခိုရင်း ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့..ခြင်လက်စ စပါးတောင်းထဲက စပါးတွေကိုဘယ် စပါးပုံထဲ ထည့်လိုက်မိမှန်းမသိတော့ပဲ ဝေခွဲမရဖြစ်နေပါတယ်။

”သွားပါပြီ.... အဲ့ဒါမှ တကယ့်ပြသနာပဲ၊ ခြင်လက်စ နောက်ဆုံးတောင်းထဲက စပါးတွေ ဘယ်အပုံထဲ ထည့်လိုက် မိပါလိမ့်၊ ရှင်ဘုရင့်စပါးပုံထဲလား... လယ်သမားစပါးပုံထဲလား။”
”တကယ်လို့များ ခြင်ပြီးသား ရှင်ဘုရင့်စပါးပုံထဲ ထည့်လိုက်မိရင်တော့ ရှင်ဘုရင့်စပါး တိုးအောင်လုပ်ပြီး၊ လယ်သမား စပါး ခိုးရာရောက်တော့မယ်။ တကယ်လို့ မခြင်ရသေးတဲ့ လယ်သမားစပါးပုံထဲ ပြန်ထည့်လိုက်မိရင် လည်း ရှင်ဘုရင့်စပါး ခိုးပြီး လယ်သမားစပါး တိုးအောင် လုပ်ပေးရာ ရောက်တော့မယ်။”
”ငါတော့ အဒိနာဒါနကံ ထိုက်ပြီထင်ပါရဲ့”
ဆိုပြီး သူ့ရဲ့ငါးပါးသီလအပေါ် စိတ်မသန့်ဖြစ်နေပါတယ်။
တကယ်တော့တစ်ဖက်မှာ စီးပွားတိုးဖို့အတွက် တစ်ဖက်ရဲ့ စီးပွားကို အလကားအချောင်ရလိုစိတ်နဲ့ယူခဲ့တာမှ မဟုတ်ဘဲ၊ ကံမထိုက်ပါဘူး။
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့ တင်းခြင်အမတ် ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့
မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။

No comments: