Sunday, May 20, 2007

သူနဲ့သာဆိုရင်...

ကုရုမင်းကြီး ရဲ့  မိဘုရားကြီး ငါးပါးသီလကို အလေးအနက်အထွတ်အမြတ်ထားကျင့်သုံးပုံကလည်း ကြည်ညိုလေးစားစရာ အတုယူအားကျစရာ ကောင်းလှပါတယ်။

တစ်နေ့တော့ ကုရုမင်းကြီး နဲ့ အိမ်ရှေ့ မင်းသားတို့ ဆင်စီးပြီး တိုင်းခန်းလှည့်လည် ကြပါတယ်။ ဆင်တစ်စီးထဲမှာ မင်းကြီးက ရှေ့ ကထိုင် ၊ အိမ်ရှေ့ မင်းသားကနောက်ကထိုင်ပြီး မြို့ ကိုလကျာ်ရစ်လှည့်လည် ကြည့်ရှုကြပါတယ်။
မိဖုရားကြီး ကလည်း ခြင်္သေ့ခံတဲ့ လေသာပြတင်းနားကနေ ရပ်ပြီး မောင်တော်မင်းမြတ် တိုင်းခန်းလှည့်လည်တာကို ရှုစားငေးမောနေပါတယ်.။အဲ့ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိဖုရားကြီးရဲ့ မျက်စိထဲ အိမ်ရှေ့ မင်းသားဟာ ခါတိုင်းထက် ပိုချော၊ ပိုလှ ၊ ပိုကျက်သရေရှိနေပါတယ်။ဝတ်စားတန်ဆာတွေကလည်း ခါတိုင်းနေ့တွေထက် ပိုပြီးတောက်ပြောင်နေတာကိုး။(အထူးနေ့ဆိုတော့ အထူးဝတ်စားဆင်ယင်ရတာပေါ့။)
ဆင်ပေါ်မှာ ရှင်ဘုရင်နဲ့အတူ တွဲထိုင်နေတဲ့ အိမ်ရှေ့ မင်းသား ရဲ့  အထူးချောမောခန့်ညားမှုကို မြင်တွေ့ရတဲ့ အခါ မိဖုရားကြီး စိတ်ထဲ တစ်မျိုးဖြစ်လာပါတယ်။

”သူ့ကိုသာ ငါတရင်းတနှီး ပေါင်းထားရင် သူ့အစ်ကို နတ်ရွာစံတဲ့ပြီး သူရှင်ဘုရင်ဖြစ်တဲ့အခါ ငါ့ကိုမိဖုရားမြှောက်မှာ သေချာတယ်။ သူနဲ့သာ ဆိုရင်...”လို့မိဖုရားကြီးစိတ်ကူးယဉ်နေပါတယ်။

အိမ်ရှေ့မင်းသားခေတ္တခဏကြွသွားတဲ့အချိန်မှ မိဖုရားကြီးသတိပြန်ဝင်လာပါတယ်။

”ဘုရားရေ..ငါဘာတွေတွေးနေတာလဲ၊ ငါ့မှာ လင်ယောကျာ်းငုတ်တုတ်ရှိရက်သားနဲ့  တခြားယောက်ျားတစ်ယောက်အပေါ် သာယာနှစ်သက်မိတဲ့စိတ်ဖြစ်သွားရတယ်လို့.. ငါတော့
ကာမေသုမိစာ ရကံထိုက်ပြီထင်ပါရဲ့ ”

မိဖုရားကြီးဟာ အိမ်ရှေ့ မင်းသားကို ရွှေလက်တွဲလိုစိတ်နဲ့ သာယာတပ်မက်စွာ ငေးမောကြည့်ရှုမိတာကို အကြောင်းပြုပြီး သူ့ရဲ့ ငါးပါးသီလအပေါ်ကို စိတ်မသန့်ပဲ သံသယဖြစ်နေပါတယ်။
တကယ်တော့ ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူကို စိတ်ထဲက သာယာတပ်မက်မိသွားတာပဲ၊ ကိုယ်ထိလက်ရောက် လွန်ကျူးဖောက်ပြားတာမှမဟုတ်တာ၊ဘာအပြစ်မှမသင့်ပါဘူး။
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့ မိဖုရားကြီး ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့ မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။


မှတ်ချက်။ ။ အနီးစပ်ဆုံးဥပမာ ဆိုရင် -ပုထုဇဉ်လူသားတိုင်း.. ရုပ်ရှင်မင်းသား၊မင်းသမီးတွေကို နှစ်သက်သဘောကျကြတာဘဲလေ။ ကာမေသုမိစာ ရကံ မထိုက်ပါဘူး။ ကိုယ့်စိတ်မှာ ကိုယ့်သီလကိုသံသယဖြစ်ခဲ့ကြရင်...
ဒီပုံပြင်လေးကိုဖတ်ပြီး- စိတ်သက်သာရာ ရနိုင်ကြပါစေ။

No comments: