Thursday, May 31, 2007
အခက်ကြီး ၃ ပါး
တတ်ရဲ့ သားနဲ့ မပြောတတ်တာ စကား
ရှိရဲ့ သားနဲ့ မရှာတတ်တာ တရား
သိရဲ့ သားနဲ့ မဆပ်ဖြစ်တာ ကျေးဇူး
Wednesday, May 30, 2007
ပဌာန်း ဒေသနာတော်ကြီး သုံးသပ်ရွတ်ဖတ်ခြင်း အကျိုး
ပဌာန်း ဥဒ္ဒေသနှင့် နဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက် ချက်ချင်းအခါမလင့် အောက်ပါ ကောင်းကျိုးများ ရနိုင်ပေသည်။
(၁)
ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေး
န္တရာယ်အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
(၂) ကျရောက်လ
တ္တံ သောဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
(၃) အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိ
စ္စအ၀၀တို့ကို ပြီးစီးအောင်မြင် စေနိုင်ခြင်း။
(၄)
အပြစ်ရှိ
၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။
(၅) အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိ
စ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်စေနိုင်ခြင်း။
(၆) အဆုံးစွန်သော ဘ၀၌ နိဗာန်ကို မျက်မှောက်ပြုရခြင်း စသည့် အကျိုးတရား....တို့ပင်တည်း။
”အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း”
မြတ်စွာဘုရားရှင် ဟာ ပဌာန်း ဒေသနာတော်ကြီးကိုသုံးသပ်ဆင်ခြင်တော်မူသောအခါမှသာ ရှင်တော်မြတ် ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြ၀ဋာသို့ ပျံ့နှံ့ထွန်းလင်းလွှမ်းမိုးလာတော့သည်။ ရှင်တော်မြတ်ဘုရား၏ ဥာဏ်တော် အနန္တကို ထင်ရှား ပေါ်လွင်စေသည့် အခမ်းအနားကြီးကို ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဥာဏ်တော် တန်ခိုးတော်တို့သည် အတုမဲ့ ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေမတွက်နိုင်လောက်အောင် များပြားလှသည့် နတ်၊ ဗြဟာ အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒါလွန်ကြူးစွာဖြင့် ခြေတော် ဦးခိုက် ပူဇော်လေသည်။
ပဌာန်း ဒေသနာတော်ကြီး ကိုသုံးသပ်မှသာ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ ဖြစ်ကြောင်း ပေါ်လွင် လာပေသည်။
သို့ဖြစ်သောကြောင့် ”ကောင်းရာမြတ်နိုး ကောင်းအောင်ကြိုးပမ်း”နေသူများအတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးတက်စေသည့် ပဌာန်း ဒေသနာတော်ကြီး ကို နေ့ညမပြတ် ရွတ်ဖတ်ကြရပေမည်။ သို့မှသာ မိမိတို့ သန္တာန်၌ ကိန်းအောင်းနေသော ကာယအား ဥာဏအား အစွမ်း သတ္တိတို့ပေါ်လွင်လာမည်။ ထွန်းတောက်မည်။ ထက်မြက်မည်။
ထို့ကြောင့် ဖြူစင်ကောင်းမွန်သည့် စေတနာရှင်တို့သည် မိမိတို့ မျှော်မှန်းထားသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင်ရရှိနိုင်ကြစေရန် ရည်သန်ကာ ပဌာန်း ဒေသနာတော်ကြီး ကောင်းကျိုးကို တင်ပြလိုက်ရပေသည်။ အခါမလပ် ထက်ကြက်မကွာ ပြုနိုင်ကြပါစေသတည်း..........။
သူငယ်ချင်းအတွက့် ဆုတောင်း
သူငယ်ချင်းရေ...
ငါဆုတောင်းပေးနေပါတယ်..
အဆင်ပြေပါစေဟာ..
ဒီနေ့အသစ်မတင်နိုင်တာ လာလည်တဲ့မိတ်ဆွေများခွင့်လွှတ်ပေးပါ။
ဒီနေ့ အရေးကြီးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့သီတင်းကိုစောင့်နေရလို့ပါ။
Sunday, May 27, 2007
နှစ်သက်မိသောကဗျာများ
(လမ်းခွဲတာ ၀မ်းနည်းစရာလား)
မြစ်ပြင်ထဲက ဗေဒါတွေဟာ
လေကြောင့်ပဲပေါင်းဆုံကြသလို
လေကြောင့်ပဲကွဲကွာသွားကြပါတယ်။
သံသရာမြစ်ပြင်ထဲက
လူသားတွေဟာလည်း
ကံကြောင့်ပဲဆုံဆည်းခွင့်ရကြသလို
ကံကြောင့်ပဲခွဲခွာကြရပြန်ပါတယ်။
ကံကြုံရင်ပြန်ဆုံကြဦးမှာပေါ့။
လမ်းခွဲမှာ ၀မ်းနည်းစရာမလိုပါဘူးလေ......
--------------------------------------------
(
အခုတော့လည်း...သူစိမ်းတွေလိုပါပဲလား)
မေတ္တာ တိမ်းပါးလို့
စိမ်းကားစွာလမ်းခွဲခဲ့ကြပြီဆိုမှဖြင့်
ဝမ်းနည်းစရာအဖြစ်အပျက်တွေပဲ
အသစ်ဆက်ပေါ်လာတော့မှာပေါ့။
”အခုတော့လည်း...သူစိမ်းတွေလိုပါပဲလား”
ဆိုတဲ့စကားက
ကျက်သရေအပေါင်းခညောင်းနေတဲ့
မင်္ဂလာစကားမှမဟုတ်ပဲကွယ်....
------------------------------------------
(ကြွေးကင်းလျက်သာ၊ လမ်းခွဲပါ၊ စိတ်မှာဝမ်းမနည်း)
ပိုက်ဆံအကြွေးတင်တာထက်
မေတ္တာ အကြွေးတင်တာက
အဆပ်ရပိုခက်ပါတယ်။
ကြွေးဆိုတာကြွေးရှင်နဲ့တွေ့တုန်းပဲ
ဆပ်ခွင့်ရတာလေ။
သံသရာခရီးဖော်တွေအပေါ်
မေတ္တာကြွေးအကျေဆပ်နိုင်ရင်
အနေမြတ်ရုံမက
အသေတတ်ဖို့လည်းသေချာပါတယ်.....
------------------------------------------
(
သံသရာတစ်ကွေ့ ၀ယ်..)
ရှေးရေစက်ကြီးလွန်းလို့
တွေ့ခွင့်ဆုံခွင့်ချစ်ခင်ခွင့်
ရခဲ့ကြတာမဟုတ်လား။
ဘာလို့များတစ်ယောက်အပေါ်တစ်ယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေးနေရတာလဲ။
နာကျည်းမှုကုဋေကုဋာနဲ့
ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့
သံသရာတစ်ကွေ့ ပြန်လာတွေ့တဲ့အခါ
ဘယ်လိုအပြုံး၊ ဘယ်လိုမျက်လုံးတွေနဲ့
နှုတ်ဆက်ဖက်ပွေ့ကြမလဲကွယ်....
Friday, May 25, 2007
ဘ၀တိုက်ပွဲ
အချိန်ကိုစောင့်ရင်းဆက်လက် ချီတက်နေပါ...
ဘ၀ဆိုတာ အခွင့်အရေး ၁ကြိမ်တော့ပေးစမြဲလို့ ယုံကြည်ထားပါ။
အခွင့်အရေးပေးလာတဲ့အချိန်မှာ.. အမိအရဖမ်းဆုပ်ထားပါ။
လူဖြစ်လာတယ်ဆိုတာကုသိုလ်ထူးလို့ပါ ။
အချိန်မတန်သေးခင်မှာ ဘာဖြစ်ချင်ချင် မဖြစ်ပါဘူး.
ကံ+ ဥာဏ်+ ၀ီရိယ ပေါင်းမှပါ။
ကံ မလိုက်သေးပေမယ့်.. ဥာဏ် နဲ့ ၀ီရိယ ကို မလျှော့ပါနဲ့။
ဖြစ်ပျက်နေသမျှတွေဟာ...အကြောင်းရှိပါတယ်။
စာတိုပေစလေးတစ်ခု
ရေဟာကျိုက်ကျိုက် ဆူနေအောင် ပူနေပေမယ့် မီးခဲကိုတော့ ငြိမ်းစေနိုင်တယ်။
ရွှံညွှန်နဲ့ နောက်ကျိနေတဲ့ ရေဟာလည်း မစင်အညစ်အကြေးကိုတော့ ပြောင်စင်စေနိုင်တယ်။
သစ်သီးမှာ အပုပ်အနာရှိပေမယ့် ငတ်မွတ်ဆာလောင်နေသူကိုတော့ အဆာပြေပျောက်စေနိုင်တယ်။
Wednesday, May 23, 2007
အသေအချာမသိဘဲ နဲ့ ဘာလို့များတဖက်သားကိုစွပ်စွဲချင်ရတာလဲ
ကုရုတိုင်းက တံခါးစောင့် ငါးပါးသီလ ကို အလေးအနက်အထွတ်အမြတ်ထားပြီး ဂရုတစိုက်ကျင့်သုံးပုံကလည်း ကြည်ညို လေးစားစရာ ကောင်းပါတယ်။
တစ်ခုသောညနေချမ်း မြို့တံခါးပိတ်ချိန်မှာတံခါးစောင့်က တံခါးပိတ်တော့မယ့်အကြောင်း သုံးကြိမ်ကြွေးကြော် လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ မြို့ အပြင်ဘက် ခပ်လှမ်းလှမ်းကနေ သူဆင်းရဲတစ်ယောက် နဲ့ မိန်းမပျိုလေး တစ်ယောက် မြို့ထဲဝင်ဖို့ အူယားဖားယား ပြေးလာပါတယ်။
တံခါးစောင့်လည်း နောက်ကျမှ အပေါက်ဝရောက်လာတဲ့ သူတို့နှစ်ယောက်ကို စိတ်ပေါက်ပေါက် နဲ့ ဟောက်ချလိုက်ပါတယ်။ ”ဘာလို့ ဒီလောက်တောင်နောက်ကျနေကြရတာလဲ၊ ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး၊ ဒီတိုင်းပြည်မှာ ရှင်ဘုရင်ရှိတယ်၊ ဒီအချိန်မှာ မြို့တံခါးပိတ်တယ်ဆိုတာ မသိကြဘူးလား။ ကိုယ့်မယားနဲ့ကိုယ်
တောထဲမှာ စည်းမရှိကမ်းမရှိ ပျော်ပါးချင်တိုင်း ပျော်ပါးပြီး အခုမှ ပြန်လာရသလား၊ နောက်ကျတဲ့ ပေါက်ကရတွေ အပေါက်ဝမှာ ကျောက်ချထားလိုက်ရလို့။”
တံခါးစောင့်ရဲ့ စကားအဆုံးမှာ သူဆင်းရဲက အခုလို ပြန်ပြောလိုက်ပါတယ်။
”အို...တံခါးမှူးကြီးခင်ဗျာ.. ဒါကျနော့်မယားမဟုတ်ပါဘူး. ကျနော့် နှမ(ညီမ)ပါ။ တောထဲထင်းခွေသွားတာပါ။ ကျနော်တို့မောင်နှမက ဆင်းရဲလွန်းလို့ ထင်းခွေစားရတာပါခင်ဗျာ”
ထင်းခွေယောကျာ်းသူဆင်းရဲသားလေးရဲ့ ဖြေရှင်းချက်လည်းကြားရရော တံခါးစောင့်ခမျာ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားပါတယ်။
”အို..ဘုရား..ဘုရား.. ငါတော့အမှာကြီးမှားပါပကောလား။ မယားမဟုတ်တဲ့ နှမအရင်းခေါက်ခေါက်ကို မယားလို့စွပ်စွဲမိပြီ၊ တစ်ဖက်သားအကြောင်းသေချာမသိဘဲနဲ့ ရမ်းသမ်းစွပ်စွဲမိတဲ့အတွက် ငါတော့ မုသာဝါဒကံ ထိုက်ပြီထင်ပါရဲ့”ဆိုပြီး သူ့ရဲ့ငါးပါးသီလအပေါ် စိတ်မသန့်ဖြစ်နေပါတယ်။
တကယ်တော့သူတစ်ပါး အကျိုးပျက်စီးလိုတဲ့စိတ်၊ သူတစ်ပါးဂုဏ်သတင်း ညှိုးနွမ်းစေလိုတဲ့စိတ်နဲ့ တမင် သက်သက် လိမ်ညာညဏ်ဆင်ပြီး စွပ်စွဲပုတ်ခတ်တာမှမဟုတ်ဘဲ။ တကယ်မသိလို့ မှာဆူ. မှားငေါက်မိတာ ဘာကံမှမထိုက်ပါဘူး။
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့ တံခါးစောင့် ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။
ကောက်နှုတ်ချက်။ ။ (အရှင်ဆန္ဒာဓိက ၏ လောက၌အကောင်းဆုံးသောအရာ)
သိသင့်သည်ထင်သော....
ကျမ ဘုရားရှိခိုးတဲ့အခါ..ဘုရားစာတွေကို ရွတ်ပါတယ်။ များသောအားဖြင့် အနက်အဓိပါယ်ကို ထည့်ရွတ်တာ ရှားပါတယ်။
တနေ့ ကျသူငယ်ချင်းကပြောတယ်..အနက်အဓိပါယ်လေးလည်း ထည့်ရွတ်ပါဆိုပြီးတော့..မကြာခင်တင်မဲ့ post တွေကို သူပို့ပေးလိုက်ပါတယ်။ တကယ်တော့ မှန်ပါတယ်၊ အဓိပါယ်ကို မသိဘဲ ကြက်တူရွေးလို ရွတ်နေရင် ဘာမှ အဓိပါယ်မရှိပါဘူး။ အဓိပါယ်ကိုသိပြီးသားဖြစ်လို့. ပါဋိ လိုရွတ်ရင်းနဲ့ စိတ်ထဲကနေ အဓိပါယ်ကို ပွားများ နေတယ်ဆိုရင်တော့ တမျိုးပေါ့လေ။
  • အပါယ်လေးပါး
  • ကပ်သုံးပါး
  • ရပ်ပြစ်ရှစ်ပါး
  • ဘုရားဂုဏ်တော်(၉)ပါး
  • တရားဂုဏ်တော်(၆)ပါး
  • သံဃာဂုဏ်တော်(၉)ပါး
ဘလောက်လမ်းညွှန်
ဒီဘလောက်လေးကို သွားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ...
http://cittasukha.blogspot.com/
Tuesday, May 22, 2007
တစ်ဖက်တိုးဖို့တစ်ဖက်ယူ.တစ်ဖက်လူအပေါ်ရိုးပါဦးမလား
ကုရုတိုင်းရဲ့တင်းခြင်အမတ်(စပါးဒိုင်အမတ်)ငါးပါးသီလကိုအလေးအနက်အထွတ်အမြတ်ထားကျင့်သုံးပုံကလည်း ကြည်ညိုလေးစားစရာ အတုယူအားကျစရာ ကောင်းလှပါတယ်။
တစ်နေ့တော့ တင်းခြင်အမတ် ဟာ စပါးကျီတစ်ခုရဲ့ တံခါးခုံမှာ ထိုင်ရင်း ရှင်ဘုရင်အတွက်စပါး ခွဲတမ်းတွေ ခြင်တွယ်နေပါတယ်။မခြင်ရသေးတဲ့ စပါးပုံထဲကနေ ခြင်တောင်းတစ်ခုနဲ့ ခြင်တွယ်ပြီးရှင်ဘုရင့် အတွက် စပါးပုံ တစ်ခု ပြုလုပ်ပါတယ်။ ခြင်ပြီးသားရှင်ဘုရင့် စပါးပုံ ထဲကို စပါးတောင်းဘယ်နှတောင်း ရောက်သွားပြီဆိုတာ ရေ တွက်မှတ်သားနေပါတယ်။
အဲ့ဒီလို စပါးခြင်လို့ကောင်းနေတုန်းမှာ ...ဖြုန်း... ခနဲဆို ”မိုး”က ရုတ်တရက် ရွာချလိုက်ပါတယ်။မမျှော်လင့်ဘဲ သည်းကြီးမဲကြီး ရွာချလိုက်တဲ့မိုးကြောင့် တင်းခြင်းအမတ် လည်း ကမန်းကတန်း နဲ့ ခြင်လက်စ စပါး တောင်း ထဲကစပါးတွေကို ခြင်ပြီးသား ရှင်ဘုရင့်စပါးပုံထဲ ကပျာကယာ အမြန်လောင်းထည့် ပြီး မိုးခိုဖို့ စပါးကျီထဲ အပြေး အလွှား ၀င်လိုက်ပါတယ်။
စပါးကျီထဲမှာ မိုးခိုရင်း ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့..ခြင်လက်စ စပါးတောင်းထဲက စပါးတွေကိုဘယ် စပါးပုံထဲ ထည့်လိုက်မိမှန်းမသိတော့ပဲ ဝေခွဲမရဖြစ်နေပါတယ်။
”သွားပါပြီ.... အဲ့ဒါမှ တကယ့်ပြသနာပဲ၊ ခြင်လက်စ နောက်ဆုံးတောင်းထဲက စပါးတွေ ဘယ်အပုံထဲ ထည့်လိုက် မိပါလိမ့်၊ ရှင်ဘုရင့်စပါးပုံထဲလား... လယ်သမားစပါးပုံထဲလား။”
”တကယ်လို့များ ခြင်ပြီးသား ရှင်ဘုရင့်စပါးပုံထဲ ထည့်လိုက်မိရင်တော့ ရှင်ဘုရင့်စပါး တိုးအောင်လုပ်ပြီး၊ လယ်သမား စပါး ခိုးရာရောက်တော့မယ်။ တကယ်လို့ မခြင်ရသေးတဲ့ လယ်သမားစပါးပုံထဲ ပြန်ထည့်လိုက်မိရင် လည်း ရှင်ဘုရင့်စပါး ခိုးပြီး လယ်သမားစပါး တိုးအောင် လုပ်ပေးရာ ရောက်တော့မယ်။”
”ငါတော့ အဒိနာဒါနကံ ထိုက်ပြီထင်ပါရဲ့”
ဆိုပြီး သူ့ရဲ့ငါးပါးသီလအပေါ် စိတ်မသန့်ဖြစ်နေပါတယ်။
တကယ်တော့တစ်ဖက်မှာ စီးပွားတိုးဖို့အတွက် တစ်ဖက်ရဲ့ စီးပွားကို အလကားအချောင်ရလိုစိတ်နဲ့ယူခဲ့တာမှ မဟုတ်ဘဲ၊ ကံမထိုက်ပါဘူး။
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့ တင်းခြင်အမတ် ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့
မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။
Monday, May 21, 2007
မိ မိ နောက် သို့ မည် သည့် အ ရာ လိုက် လို သ နည်း
မိ မိ နောက် သို့ မည် သည့် အ ရာ လိုက် လို သ နည်း
ကု သိုလ် ကံ၊ အ ကု သိုလ် ကံ သည်သာ၊
မိမိ နောက်သို့ (ကိုယ့် နောက် သို့) သာ လိုက် ပါ ၏ ။
" မ နေ ရ လို့၊ သေ ကြ သော အ ခါ
ကိုယ် နောက် ကို ကား၊ ဘာများ ပါ မှာ၊
ပ စ္စည်း စုစု၊ တစ် ခု မ ပါ..၊
ကိုယ် ပြု ထား၊ ကံ များ ကိုယ် နောက် ပါ၊ "
မိ မိ ၏ အ ရိပ် သည် မိ မိ ၏ နောက် သို့ လိုက် သ လို
မိ မိ ပြု လုပ် ပြော ဆို သော "ကံ" တို့ သည်
မိ မိ နောက် သို့ ဤဘ၀၌၎င်း၊ ထိုဘ၀၌၎င်း လိုက် ပါ ၏။
ကိုယ် ပြု ကိုယ် စံ ၊ ကု သိုလ် ခံ စား
ကိုယ် ပြု ကိုယ် ခံ ၊ အ ကု သိုလ် ခံ စား
အထီး ကျန် ရင် အ ကျည်း တန် တယ်
အထီး ကျန် ရင် အ ကျည်း တန် တယ် တဲ့...။
အဲ ဒီ့  စ ကား လေး ကို အ ရှင် ဆန္ဒ ဓိ က က ပြော ခဲ့ တာ ပါ ရှင်..။
လက်ရှိအခြေအနေမှာ
မပျော်မွေ့နိုင်သူအတွက်
တစ်ယောက်တည်းပဲနေနေ
အများနဲ့ပဲနေနေ
အမြဲတမ်း အထီးကျန်နေတတ်ပါတယ်။
မရှိတာကိုတောင့်တနေတတ်သူ
ရှိတာကိုမကျေနပ်နိုင်တဲ့သူဟာ
မရေမရာအတွေးတွေ
မသေမချာမျှော်လင့်ချက်တွေနဲ့
ထာဝရအထီးကျန်နေတတ်ပါတယ်.။
ရောင့်ရဲတင်းတိမ်နိုင်ပြီးထာဝရပျော်ရွှင်နိုင်ကြပါစေ။
Sunday, May 20, 2007
Good Morning...
ဒီနေ့မနက် ၇:၂၀ မှာ ထုံးစံအတိုင်း ferry(office bus) လာကြိုပါတယ်။ ၀န်းထမ်းအသစ်တွေ ထပ်ရောက်လာတဲ့အတွက် ကားမှာ လူတော်တော်များများပြည့်နေပါပြီ။
ထိုင်နေကျနေရာလေး ဘုံုံပျောက်သွားတာပေါ့လေ။ ဒါနဲ့ ရတဲ့နေရာမှာဘဲထိုင်လိုက်ပါတယ်။ မကြာခင်ကားပေါ်တက်လာတဲ့ သူတစ်ယောက်လက်ထဲ က ”အလင်းတန်းဂျာနယ်”လေးကို ဖတ်မယ်နော် လို့ပြောပြောဆိုဆို နဲ့ ယူဖတ်လိုက်ပါတယ်။
စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက် ဖတ်လာလိုက်တာ တခုသောခေါင်းစဉ်ဖတ်လိုက်ရတဲ့အခါ...
ဖတ်နေရင်း ...ဖတ်နေရင်း နဲ့ ရင်ထဲမှာ ဆို့ပြီးတတ်လာပါတယ်....
ဒါပေမယ့် ကိုယ်သိချင်နေတာလေးကို ဖတ်လိုက်ရတဲ့အတွက်..
မင်္ဂလာရှိသောမနက်ခင်းလေးဖြစ်သွားပါတယ်။
ငါရုံးရောက်တာ နဲ့ google မယ်ဆိုပြီး... ရုံးရောက်တာနဲ့ ချက်ချင်းရှာပုံတော်ဖွင့်ပါတယ်။
ဒီမှာပါ.. တွေ့သွားပါပြီ..။
http://www.vccmyanmar.org/
(၀ိတိုရိယ ကလေးများပြုစုစောင့်ရှောက်ရေး ပရဟိတဂေဟာ)
သိပြီးသားလည်းဖြစ်ချင် ဖြစ်မှာပါ။ မသိသေးတဲ့သူတွေအတွက် နဲ့ သိပြီး မေ့မေ့ပျောက်ပျောက် ဖြစ်နေသူများအတွက် အသုံးများဝင်မလားလို့ပါ။
စာကြွင်း။ ။နောက်ထပ် နောက်ထပ် သင်သိသော ပရဟိတဂေဟာ..တွေများရှိကြရင်...comment လေးမှာဝင်ရေးပေးခဲ့ကြပါရှင်။
မချစ်တတ် မမုန်းတတ်တဲ့သူ
နည်းနည်းချစ်ရင်
နည်းနည်းပူလောင်ရတယ်။
များများချစ်ရင်
များများပူလောင်ရတယ်။
လုံးဝမချစ်ရင်
လုံးဝမပူလောင်ရတော့ဘူး။
ဘယ်သူ့ကိုမှ ၊ ဘယ်အရာကိုမှ မချစ်လိုက်ပါနဲ့။
နည်းနည်းမုန်းရင်
နည်းနည်းဆင်းရဲရတယ်။
များများမုန်းရင်
များများဆင်းရဲရတယ်။
လုံးဝမမုန်းရင်
လုံးဝမဆင်းရဲရတော့ဘူး။
ဘယ်သူ့ကိုမှ ၊ ဘယ်အရာကိုမှ မမုန်းလိုက်ပါနဲ့။
သူနဲ့သာဆိုရင်...
ကုရုမင်းကြီး ရဲ့  မိဘုရားကြီး ငါးပါးသီလကို အလေးအနက်အထွတ်အမြတ်ထားကျင့်သုံးပုံကလည်း ကြည်ညိုလေးစားစရာ အတုယူအားကျစရာ ကောင်းလှပါတယ်။
တစ်နေ့တော့ ကုရုမင်းကြီး နဲ့ အိမ်ရှေ့ မင်းသားတို့ ဆင်စီးပြီး တိုင်းခန်းလှည့်လည် ကြပါတယ်။ ဆင်တစ်စီးထဲမှာ မင်းကြီးက ရှေ့ ကထိုင် ၊ အိမ်ရှေ့ မင်းသားကနောက်ကထိုင်ပြီး မြို့ ကိုလကျာ်ရစ်လှည့်လည် ကြည့်ရှုကြပါတယ်။
မိဖုရားကြီး ကလည်း ခြင်္သေ့ခံတဲ့ လေသာပြတင်းနားကနေ ရပ်ပြီး မောင်တော်မင်းမြတ် တိုင်းခန်းလှည့်လည်တာကို ရှုစားငေးမောနေပါတယ်.။အဲ့ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် မိဖုရားကြီးရဲ့ မျက်စိထဲ အိမ်ရှေ့ မင်းသားဟာ ခါတိုင်းထက် ပိုချော၊ ပိုလှ ၊ ပိုကျက်သရေရှိနေပါတယ်။ဝတ်စားတန်ဆာတွေကလည်း ခါတိုင်းနေ့တွေထက် ပိုပြီးတောက်ပြောင်နေတာကိုး။(အထူးနေ့ဆိုတော့ အထူးဝတ်စားဆင်ယင်ရတာပေါ့။)
ဆင်ပေါ်မှာ ရှင်ဘုရင်နဲ့အတူ တွဲထိုင်နေတဲ့ အိမ်ရှေ့ မင်းသား ရဲ့  အထူးချောမောခန့်ညားမှုကို မြင်တွေ့ရတဲ့ အခါ မိဖုရားကြီး စိတ်ထဲ တစ်မျိုးဖြစ်လာပါတယ်။
”သူ့ကိုသာ ငါတရင်းတနှီး ပေါင်းထားရင် သူ့အစ်ကို နတ်ရွာစံတဲ့ပြီး သူရှင်ဘုရင်ဖြစ်တဲ့အခါ ငါ့ကိုမိဖုရားမြှောက်မှာ သေချာတယ်။ သူနဲ့သာ ဆိုရင်...”လို့မိဖုရားကြီးစိတ်ကူးယဉ်နေပါတယ်။
အိမ်ရှေ့မင်းသားခေတ္တခဏကြွသွားတဲ့အချိန်မှ မိဖုရားကြီးသတိပြန်ဝင်လာပါတယ်။
”ဘုရားရေ..ငါဘာတွေတွေးနေတာလဲ၊ ငါ့မှာ လင်ယောကျာ်းငုတ်တုတ်ရှိရက်သားနဲ့  တခြားယောက်ျားတစ်ယောက်အပေါ် သာယာနှစ်သက်မိတဲ့စိတ်ဖြစ်သွားရတယ်လို့.. ငါတော့
ကာမေသုမိစာ ရကံထိုက်ပြီထင်ပါရဲ့ ”
မိဖုရားကြီးဟာ အိမ်ရှေ့ မင်းသားကို ရွှေလက်တွဲလိုစိတ်နဲ့ သာယာတပ်မက်စွာ ငေးမောကြည့်ရှုမိတာကို အကြောင်းပြုပြီး သူ့ရဲ့ ငါးပါးသီလအပေါ်ကို စိတ်မသန့်ပဲ သံသယဖြစ်နေပါတယ်။
တကယ်တော့ ကိုယ့်အိမ်ထောင်ဖက်မဟုတ်သူကို စိတ်ထဲက သာယာတပ်မက်မိသွားတာပဲ၊ ကိုယ်ထိလက်ရောက် လွန်ကျူးဖောက်ပြားတာမှမဟုတ်တာ၊ဘာအပြစ်မှမသင့်ပါဘူး။
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့ မိဖုရားကြီး ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့ မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။
မှတ်ချက်။ ။ အနီးစပ်ဆုံးဥပမာ ဆိုရင် -ပုထုဇဉ်လူသားတိုင်း.. ရုပ်ရှင်မင်းသား၊မင်းသမီးတွေကို နှစ်သက်သဘောကျကြတာဘဲလေ။ ကာမေသုမိစာ ရကံ မထိုက်ပါဘူး။ ကိုယ့်စိတ်မှာ ကိုယ့်သီလကိုသံသယဖြစ်ခဲ့ကြရင်...
ဒီပုံပြင်လေးကိုဖတ်ပြီး- စိတ်သက်သာရာ ရနိုင်ကြပါစေ။
Saturday, May 19, 2007
ရေထဲကျတဲ့မြှား ငါးလေးထိသွားလား
ကုရုမင်းကြီး ငါးပါးသီလကို အလေးအနက် အထွတ်အမြတ်ထားပြီး ဂရုတစိုက် ကျင့်သုံးပုံကလည်း ကြည်ညိုလေးစားစရာ အတုယူအားကျစရာ ကောင်းလှပါတယ်။
အဲ့ဒီခေတ်ကတိုင်းပြည်တွေမှာ သုံးနှစ်တစ်ကြိမ်တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း နက်ခတ်ပွဲသဘင်တွေ အကြီးအကျယ်ကျင်းပကြပါတယ်။ အဲ့ဒီနတ်ခတ်ပွဲသဘင်မှာ ရှင်ဘု၇င်တွေက နတ်သားအသွင်ဝတ်စားဆင်ယင်ပြီး ပန်းမျိုးစုံတန်ဆာဆင်ထားတဲ့ မြှားအထူးအဆန်းတွေနဲ့ အရပ်လေးမျက်နှာကို ပစ်လွတ်ကြပါတယ်။ မြှားပစ်တမ်းကစားကြတယ်ဆိုပါတော့....
တစ်ခုသောနှစ်ရဲ့  တစ်ခုသော နတ်ခတ်ပွဲမှာ ကုရုမင်းကြီးလည်း
မြှားပစ်တမ်းကစားပါတယ်။ အရပ်မျက်နှာ သုံးခုကို ပစ်လိုက်တဲ့မြှားသုံးစင်းရဲ့ ကျသွားတဲ့နေရာကိုမြင်တွေ့ရပေမယ့် အရပ်မျက်နှာတစ်ခုကိုပစ်လိုက်တဲ့
မြှားတစ်စင်းရဲ့  ကျသွားတဲ့နေရာကိုတော့ မမြင်တွေ့ရပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီမြှားတစ်စင်းက
ရေကန်တစ်ခုထဲကျသွားလို့ပါပဲ။
”အို...
ဒု က္ခ ပါဘဲ။ မြှားတစ်စင်း ရေထဲ ကျသွားပြီး အဲ့ဒီမြှား ငါးကလေးတွေ ရဲ့ ကိုယ်ပေါ်ကျသွားရင်တော့ ငါးကလေးတွေ သေကုန်တော့မှာပဲ၊ ငါပစ်လိုက်တဲ့မြှားကြောင့်ငါးကလေး တွေသေသွားရင် ငါတော့...
ပါဏာတိပါတကံ ထိုက်ပြီထင်ပါရဲ့ ”
ကုရုမင်းကြီး ဟာသူပစ်လွှတ်လိုက်တဲ့ မြှားမတော်တဆရေထဲကျသွားတာကို အကြောင်းပြုပြီး သူ့ရဲ့ ငါးပါးသီလ အပေါ် စိတ်မသန့် ဘဲ သံသယဖြစ်နေပါတယ်။
တကယ်တော့သေစေလိုတဲ့ စိတ် မပါတဲ့အတွက် ငါးကလေးတွေ သေခဲ့ရင်တောင် ပါဏာတိပါတကံ မထိုက်ပါဘူး။ တဲ့...
ပြောပြစရာအပြစ်ဆိုလို့ အပြစ်မဟုတ်တဲ့ ဒါလေးပဲရှိတဲ့
ကုရုမင်းကြီး ရဲ့ ငါးပါးသီလ ကိုမှ ဂရုဓမ္မ လို့ မပြောရင် ဘယ်သူ့ ငါးပါးသီလ ကို ဂရုဓမ္မ လို့ ပြောဦးမှာလဲ။
စာကြွင်း။ ။ ယူဆဂိ..၉တန်းတုန်းကပေါ့... ကျူရှင် သင်နေတုန်း -စာအုပ်ဘီဒို တံခါးကို
အမှတ်တမဲ့ ပိတ်လိုက်တာ.. အိမ်မြောင်လေးတစ်ကောင် ၂ပိုင်းပြတ်ပြီး
မျက်စိရှေ့မှာတင်သေသွားတာကို မြင်လိုက်ရတော့.. အကြီးအကျယ်ငိုဖူးပါတယ်။
အဲ့ဒီနေ့က Physic ကျူရှင်ဆရာမ တော်တော်ချော့ယူခဲ့ရပါတယ်။ သတိရသွားလို့ပါ။
(ကုရုမင်းကြီး လို ဘဲ စိတ်ထဲမှာ ကသိကအောက်ဖြစ်သွားတဲ့ အဖြစ်လေးတွေရှိရင် စိတ်ဖြေသိမ့်နိုင်ကြပါစေ။)
ငါးပါးသီလ
အလေ့အထကို သီလလို့ခေါ်တာပါ။ အဲ့ဒီအလေ့ကို ခေါင်းပေါ်က ဆံပင်လို ရာသက်ပန်အလေးအမြတ်ထားသင့်လို့ ဂရုဓမ္မ ၊ ခါးဝတ်လုံချည်လို ထာဝရမြဲမြံသင့်လို့ နိစ္စ၊ အားလုံးပေါင်းလိုက်တော့ ဂရုဓမ္မနိစ္စသီလ။
ဒါကြောင့် ငါးပါးသီလ ကို ဂရုဓမ္မနိစ္စသီလ လို့ခေါ်ပါတယ်။
တော်သလင်းလပြည့်နေ့ကိုတော့ ဂရုဓမ္မနိစ္စသီလအခါတော်နေ့လို့ ခေါ်ပါတယ်။
ဂရုဓမ္မအခါတော်နေ့ကို တနည်းအားဖြင့် ကုရုဓမ္မအခါတော်နေ့လို့လည်း ခေါ်ပါတယ်။
ကုရုဓမ္မ
ကုရုဆိုတာ ကုရုတိုင်းသားတွေ ၊ ဓမ္မ ဆိုတာကျင့်သုံးတဲ့တရား။ ကုရုဓမ္မဆိုတော့ ကုရုတိုင်းသားတွေကျင့်သုံးတဲ့တရား။
ငါးပါးသီလကို ကုရုတိုင်းသားတွေ တလေးတစား ကျင့်သုံးတဲ့ တရားဖြစ်လို့ ကုရုဓမ္မလို့ ခေါ်ပါတယ်။ ကုရုတိုင်းသားတွေရဲ့ တရားဆိုပါတော့။
(ဘယ်က ကုရုတိုင်းလဲဆိုရင်တော့ ဟိုးဇာတ်တော်ထဲမှာပါတဲ့ တစ်ချိန်တုန်းက ကုရုတိုင်းပါ- အကျဉ်းချုပ်ပြောရရင်တော့ မြတ်စွာဘုရားအလောင်းတော် ကုရုတိုင်းမှာ ထီးနန်းအုပ်ချုပ်မင်းလုပ်ခဲ့စဉ်က မင်းကျင့်တရားဆယ်ပါး နဲ့အညီ အုပ်ချုပ်တဲ့အပြင် -ငါးပါးသီလကိုအထူးစင်ကြယ်အောင်
ထိန်းသိမ်းစောင့်ရှောက်ကျင့်သုံးခဲ့ပါတယ်။)
Friday, May 18, 2007
သမာဓိ အကြောင်း
သမာဓိရဲ့ အကျိုးတရားတွေ အများကြီးရှိတဲ့အထဲက ဘုရားအလောင်းတော် နှလုံးသွင်းတဲ့ဂါထာထဲမှာပါတဲ့ အကျိုးတရားက အင်မတန် နှစ်သက်စရာကောင်းပါတယ်။
န ပရံ နာပိ အတ္တာနံ၊ ၀ိဟိံသတိ သမာဟိတော
  • သမာဓိ ရှိတဲ့ သူဟာ ကိုယ့်ကိုယ်ကိုလည်း မညှဉ်းဆဲပါဘူး။
  • သူတပါးကိုလည်းမ ညှဉ်းဆဲပါဘူး။ တဲ့...
လောကမှာ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲအောင်လုပ်နေတယ် ဆိုတာ သမာဓိ မရှိလို့ပါဘဲ။ သမာဓိမရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲအောင် အမြဲလုပ်နေပါတယ်။ ဆိုလိုတာက.. သမာဓိမရှိတဲ့သူတွေဟာ အမြဲတမ်း စိတ်ညစ်နေတတ်တယ်လို့ ဆိုလိုတာပါ။
(ဒါဆိုရင်- သမာဓိမရှိသူများထဲမှာ -ယူဆဂိက ထိပ်ဆုံးကပါ :P )
လူတွေစိတ်ညစ်တယ်. စိတ်ညစ်တယ် ဆိုတာ သမာဓိမရှိလို့ပါ။သမာဓိမရှိတော့ စိတ်ညစ်စရာအကြောင်းတွေပဲ တွေးနေမိတော့တာကိုး။ သမာဓိမရှိတဲ့ သူရဲ့ စိတ်ထဲကို အတွေးတွေ အမြဲတမ်းဝင်နေတယ်။ ၀င်တော့လည်း ကောင်းတဲ့အတွေးတွေ ၀င်တာလားဆိုတော့မဟုတ်ဘူး။မကောင်းတဲ့ အတွေးတွေ ၀င်တာကများတယ်။ အတွေးများတဲ့သူဟာ အများအားဖြင့် အဆိုးတွေကိုပဲ တွေးနေမိတတ်ကြပါတယ်။
ကိုယ့်စိတ်ထဲမှာ ထားရုံနဲ့ မပြီးဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုပြောသေးတယ်။ အဲ့ဒီလိုဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ရဲ့ အပူတွေကူးစက်။
(KL နင်တော့ဒါဖတ်ပြီး ငါ့ကို ရီချင်မှာဘဲ.။ မှတ်ချက်...ကျမ သူငယ်ချင်းကကျမရဲ့ အပူသောကတွေကိုနားဆင်နေကျလေ)
အဲ့ဒီလိုအားဖြင့် သမာဓိမရှိတဲ့သူဟာ ကိုယ့်ကိုယ်တိုင်လည်းစိတ်ချမ်းသာအောင် မနေတတ်ဘူး။ အမြဲစိတ်ညစ်နေတယ်။ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နီးစပ်ရာကိုလည်းပဲ စိတ်မချမ်းသာအောင် စိတ်ညစ်အောင် လုပ်တတ်ပါတယ်။
ကဲအားလုံးဘဲ.. မနေ့ကစိတ်ညစ်ညစ်နဲ့ ဆရာတော်ရဲ့  ”လောက၌အကောင်းဆုံးသောအရာ” ဆိုတဲ့စာအုပ်လေးမှာ ဒါလေးကိုဖတ်မိပြီး ကိုယ့်ကိုယ်ကိုလည်း
သြော် ငါသမာဓိမရှိတဲ့သူပါလား လို့ တွေးမိပြီးရှက်ရပါတယ်။ ဒီနေ့ကစပြီး သမာဓိ ရှိဖို့ကြိုးစားတော့မယ်။
မုန်တိုင်း
မုန်တိုင်းပြီးရင်တော့ လေပြေလေးလာမှာပါ
Thursday, May 17, 2007
မေတ္တာပို့
သတ္တ၀ါအပေါင်းဘေရန်ခပ်သိမ်းကင်းဝေးကြပါစေ..
ဒေါသမာန်မာနကင်းကြပါစေ..
ရန်မူလိုခြင်းကင်းကြပါစေ..
နှိပ်စက်လိုခြင်းကင်းကြပါစေ..
သတ်ဖြတ်လိုခြင်းကင်းကြပါစေ..
ရန်ငြိုးသိုခြင်းကင်းကြပါစေ..
မနာလိုခြင်းကင်းကြပါစေ..
စိတ်ထားဖြူစင်မေ
တ္တာဝင်.. ချစ်ခင်ကြင်နာကြပါစေ...
(မှတ်ချက်။ ။ကျမ ဘုရားရှိခိုးတိုင်း ပို့သနေကျမေ
တ္တာပို့လေးပါ။)
တွေ့ ဆုံ ကြုံ ကွဲ
တစ်နေ့နေ့တစ်ချိန်ချိန်တစ်နေရာရာမှာ
ခွဲခွာရမယ့် အတူတူတော့
အစကတည်းကမဆုံတွေ့ ဖြစ်ခဲ့ကြရင်
ပိုကောင်းမှာပဲနော်....
ဒါပေမဲ့လည်း...
တို့သတ္တ၀ါတွေအားလုံးဟာ
ကံဇာတ်ဆရာညွှန်ကြားတဲ့အတိုင်း
ကပြသရုပ်ဆောင်ကြရတဲ့
သံသရာဇာတ်စင်ပေါ်က
စင်တင်ဇာတ်လိုက်တွေမဟုတ်လား။
ကံကဆုံတွေ့ခိုင်းတော့လည်း
တို့တစ်တွေ ဆုံတွေ့ကြရတာပေါ့။
ကံကလမ်းခွဲခိုင်းတော့လည်း
တို့တစ်တွေလမ်းခွဲကြရတာပေါ့။
ဆုံတွေ့ခိုက်မှာပုံမမေ့လိုက်ပါနဲ့လား။
ဘာကြောင့်အရပ်ပုရတယ်
အရှင် လကုဏကဘဒိယမထေရ် က အရပ်ပုပါတယ်။
ဒါပေမယ့်လို့ အသံကျတော့ သိပ်ကောင်းတယ်တဲ့။ အသံသာယာတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊အမြတ်ဆုံး ဆိုပြီးတော့ မြတ်စွာဘုရားပြီးရင်အသံသာယာတဲ့နေရာမှာ အသာဆုံး အမြတ်ဆုံးဆိုတဲ့ ဧတဒဂ်ဘွဲ့ ထူးကိုလည်း ရရှိခဲ့ပါတယ်။
အရပ်ပုတဲ့အကြောင်းက ဘ၀တစ်ခုတုန်းက ကသပ မြတ်စွာဘုရားရှင်ရဲ့  ဓာတ်တော်တွေကို ဋ္ဌာပနာသွင်းပြီး စေတီတည်မယ်လုပ်တော့ သူများတွေက ခုနှစ်ယူဇနာအ၀န်းအ၀ိုင်းရှိတဲ့ စေတီတည်မယ်လို့ပြောတာ သူက စေတီသိပ်ကြီးလို့ ရှိရင် ထိန်းသိမ်းစောင့်ရှောက်ရာတာခက်ပါတယ် ဆိုပြီးတော့ တစ်ယူဇနာပဲ
တည်တာကောင်းတယ်လို့ အကြံပေးခဲ့တယ်။
သူများခုနှစ်ယူဇနာတည်တာကို တစ်ယူဇနာပဲလုပ်ပါလို့ သူများကုသိုလ်မှာ လျှော့လျှော့ပေါ့ပေါ့ လုပ်ခိုင်းလိုက်တဲ့အတွက် ကြောင့် အရပ်ပုရခြင်းဖြစ်ပါတယ်တဲ့။
ဘာကြောင့်အသံကောင်းရတယ်
အသံကောင်းရတာကျတော့ ဘာကြောင့်လဲဆိုရင် ၀ိပသီမြတ်စွာဘုရားရှင်လက်ထက်တုန်းက ဥသြဌက်ကလေး ဖြစ်ခဲ့ဘူးတယ်။ တစ်နေ့တော့ သားသမီးတွေ စားဖို့ဆိုပြီးတော့ သရက်သီးမှည့်မှည့်လေး တစ်လုံးချီလာတယ်။
မြတ်စွာဘုရားနဲ့သံဃာတော်တွေ ကြွလာတာမြင်တော့ မြတ်စွာဘုရားကို ကြည်ညိုတာနဲ့ မြတ်စွာဘုရားရှင်ရဲ့ သပိတ်ထဲမှာ အဲ့ဒီသရက်သီးမှည့်လေးကို လောင်းလှူလိုက်ပါတယ်။
သားသမီးတွေကိုတော့ တခြားသရက်သီးပဲ ရှာကျွေးတော့မယ်ဆိုပြီး ချီလာတဲ့သရက်သီးလေး လောင်းလှူပြီးတော့ ပီတိတွေအကြီးအကျယ်ဖြစ်လိုက်တာ၊ အစာရှာတောင် မထွက်တော့ဘဲ ခုနှစ်ရက်တိုင်တိုင် အသိုက်ထဲမှာပဲ ပီတိစားရင်းနေပါသတဲ့။လိုရင်းကတော့ မြတ်စွာဘုရားရှင်ကို သရက်သီးမှည့်လှူဒါန်းခဲ့တဲ့ကောင်းမှုကြောင့် အသံကောင်းရခြင်းဖြစ်ပါတယ်တဲ့။
သရက်သီးမှည့်က တကယ်လည်း အသံကောင်းပါတယ်။
မှတ်ချက်။ ။အခု မြန်မာမှာ သရက်သီးမှည့်တွေ ပေါနေတဲ့ရာသီလေ...ကဲ- ဒီစာလေးကိုဖတ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်။
Wednesday, May 16, 2007
အမြင့်ဆုံးကံဆိုးခြင်း
ဒီနေ့ဒီရက်တွေက
ငါ့အတွက်
ငါ့ဘ၀မှာ အမြင့်ဆုံးကံဆိုးခြင်း တွေသာဖြစ်ပါစေ။
Monday, May 14, 2007
ဖတ်စေချင်တဲ့စေတနာ
ဒီ post တွေကိုတင်ထားတာ ဘယ်သူ့ကိုမှဆရာလုပ်တာလည်းမဟုတ်ပါဘူး လို့ပြောချင်ပါတယ်။
ဘုန်းဘုန်း
အရှင်ဆန္ဒာဓိက ရဲ့ စာအုပ်တွေထဲက အချို့ စာလေးတွေကို၊ ဖတ်စေချင်တဲ့စိတ်နဲ့ လက်အညောင်းခံရိုက်ပြီး တင်ထားပေးတာပါ။
အသေကြီး နဲ့ အသေလေး
အသေကြီး” ဆိုတာ
ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ။(မနိုးသောအိပ်စက်ခြင်း)
အသေလေး”ဆိုတာ
ဘ၀တစ်နေ့တာရဲ့  နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ (နိုးသောအိပ်စက်ခြင်း)
---
မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ အကောင်းဆုံး အနေအထားဖြစ်နေဖို့အတွက်...
နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
အသေကြီးနဲ့ သေခါနီးအချိန်မှာ အာရုံကောင်း နိမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက်
အသေလေးနဲ့ သေခါနီးအချိန်ကို အကောင်းဆုံးအနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။
ညအိပ်စက်တာဟာ..အသေလေးနဲ့ သေတာပါ။
ညအိပ်တော့မယ်လို့ မျက်စိမှိတ်လိုက်တာနဲ့တစ်ပြိုင်နက် အာရုံကောင်းတွေ၊ ကုသိုလ်အာရုံတွေကိုပဲ ထင်မြင်နေစေရပါမယ်။
ကုသိုလ်အာရုံက..
  • ဒါနအာရုံ
  • သီလအာရုံ
  • သမထအာရုံ
  • ၀ိပသနာအာရုံ လို့ လေးမျိုးရှိပါတယ်။
တကယ်သေခါနီးအချိန်မှာ ဘယ်ကုသိုလ်အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို့ရမယ် ဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက်....အိပ်ခါနီးအချိန်မှာ ကုသိုလ် အာရုံလေးမျိုးကို ယူထားရပါမယ်.
စနစ်တကျ ကြိုတင်လေ့ကျင့်ထားတာတောင်မှ တကယ့်တကယ် သေခါနီးကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိဖြစ်နေတတ်ပါတယ်။တကယ်လို့သိခဲ့ရင်တောင်မှ အင်အားကြီးမားတဲ့ အစွဲအလမ်းအာရုံတွေ၊ အတွယ်အတာအာရုံတွေရဲ့ လွမ်းမိုးမှုကြောင့် ကုသိုလ်အာရုံကို အာရုံယူဖို့ ခက်ခဲနေတတ်ပါတယ်။
ဒါကြောင့်ညအိပ်ခါနီးအချိန်ကို တကယ်သေခါနီးအချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။
ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်ထိ ဘ၀တစ်သက်တာမှာ ပြုခဲ့တဲ့ဒါနကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှုတစ်ခုခုကိုအာရုံပြုရပါမယ်။
ညအိပ်ယာဝင်ခါနီးတိုင်း ဘုရားသောက်တောရေအသစ်လဲတဲ့အကျင့် စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး(အသေလေး နဲ့ သေခါနီး) ရဲ့  အနီးကပ်ဆုံး ဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့တနေ့တာကို အဆုံးသတ်လိုက်ရတဲ့အတွက်...ဘ၀တလျှောက်လုံး အစစအရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။
သီလကုသိုလ်
အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ဆင်ခြင်လိုက်တဲ့အချိန်မှာ ငါးပါးသီလလုံခြုံသူ ဖြစ်နေဖို့အတွက် ညအိပ်ယာဝင်တိုင်း ငါးပါးသီလကို အသစ်ခံယူဆောက်တည်ပါ.
ဆောက်တည်ပြီးတဲ့အချိန်ကစပြီးမကျိုးပေါက်ပါစေနဲ့။ (အိပ်တော့မယ်ဆိုရင်လည်း..ကျိုးပေါက်စရာမရှိတော့ပါဘူး)
ဒါဆိုရင် ငါ အခုနောက်ဆုံးငါးပါးသီလယူပြီးတဲ့အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီ လို့ ၀မ်းမြောက်ဝမ်းသာဖြစ်နိုင်ပါတယ်။
သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကို ပွားများပါ။
(ဥပမာ။ အရဟံဂုဏ်တော် ရဲ့ အဓိပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်းပွားများရပါမယ်)
သမထအနေနဲ့ မေတ္တာဘာဝနာပွားများနေရပါမယ်။ ”အနည်းဆုံး သတ္တ၀ါအားလုံး ချမ်းသာကြပါစေ” လို့ သုံးခေါက်လောက်ပွားများပါ။
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြုဝမ်းမြောက်ပြီးပြီဆိုရင် နောက်ဆုံး ၀ိပသနာကုသိုလ် နဲ့ အိပ်လိုက်ပါတော့။
ညအိပ်ယာဝင်တိုင်း ကုသိုလ်အာရုံတွေနဲ့ သေသွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦးကိုယ်ဦး လက်ကမ်းကြိုဆိုနေကြမှာပါ။
ဒါ့ကြောင့် ညအိပ်ယာဝင် ၊ ခေါင်းအုံးပေါ် ခေါင်းချ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် ”ငါခဏသေလိုက်ဦးမယ်” လို့ကိုယ့်ကိုယ်ကို စိတ်ထဲကပြောပြီးသေနည်းလေ့ကျင့်ထားကြဖို့ အထူးတိုက်တွန်းလိုက်ပါတယ်။
(အရှင်ဆန္ဒာဓိက, မသေခင်ဘာလုပ်ကြမလဲ)
မသေခင်ဖြည့်ဆည်းရမည့်ဘ၀အရည်အသွေးများ
ဒီစာကိုမဖတ်သေးခင် နဲ့ ဖတ်ပြီးတဲ့နောက် အသိတရားနည်းနည်းဝင်သွားလို့ မျှဝေချင်တဲ့စိတ်နဲ့ ဒီ post လေးကိုတင်လိုက်တာပါ။
- မြတ်စွာဘုရားရှင်က ”မသေခင်သု
တ္တန်” လို့ အဓိပ္ပာယ်ရတဲ့ ”ပုရာ ဘေဒသုတ္တန်” မှာမသေခင်ဖြည့်ဆည်းရမယ့်
ဘ၀အရည်အသွေးတွေကို တစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်.။
မြင့်မြတ်တဲ့ လူသားတိုင်း နဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။
  • ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း ၊ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။
  • မသေခင်ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။
  • မသေခင်မှာ ကိုယ့်စိတ်ကို ဒေါသမီးမလောင် မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။
  • ထစ်ခနဲရှိ ဒေါသထွက်တာမျိုး ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့လက်စားချေဖို့ ကြိုးစားတာမျိုးမလုပ်သင့်ပါဘူး။
  • သူလည်း တစ်နေ့သေ ၊ ကိုယ်လည်း တစ်နေ့သေမယ့် ကိစ္စ၊ ဘာလို့ ဒေါသထွက်နေဦးမှာလဲ။
  • နေရာတကာမှာစိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး။
  • တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မှုတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။
  • လုပ်သင့်တာမလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်း လို့နောင်တရ စိတ်ပူပန်နေတာမျိုးလည်းမဖြစ်သင့်ပါဘူး။
  • ကိုယ့်ရဲ့လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာမသေချာတဲ့ အနာဂတ်ဘ၀ကိုပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး။
  • ကိုယ်နဲ့ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး
    နေတတ်အောင်နေရပါမယ်။
  • ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့  ဖြစ်တည်ရာ
    ဘ၀တွေကိုလည်းစိတ်နာ နေလို့ အပိုပါဘဲ။
  • လူသားတွေရဲ့  မသေခင်ဘ၀ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ မနာလို၊
  • ကိုယ့်ထက်သာမနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွမ်းမိုးနေတဲ့သူဟာ
    မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ။
  • ကိုယ်အပြုအမူကြမ်းတမ်းသူ၊ နှုတ်ပြောအဆိုကြမ်းတမ်းသူ ၊ စိတ်နေသဘောထား
    ကြမ်းတမ်းသူ မဖြစ်စေရပါဘူး။
  • အကောင်း၊ အဆိုး လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံ လာတဲ့အခါမှာလည်း စိတ်မတက်၊
    စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ် နဲ့ ခံနိုင်ရည်ရှိရပါမယ်။
နောက်နေ့ဆက်ရေးပါအုံးမည်။ စောင့်မျှော်ဖတ်ရှုပေးလျှင် လွန်စွာကျေးဇူးတင်ပါသည်။
စာကြွင်း။ စာလုံးများကူညီ ပို့ပေးသော သူငယ်ချင်း KL ကျေးဇူးတင်ပါတယ်။
Sunday, May 13, 2007
တရားအကြောင်း တစေ့တစောင်း
*စိတ်ဝင်စားတဲ့သူဖတ်ဖို့ပါ*
အမြဲတမ်း ညီးညူတတ်တဲ့ ကျမမှာ သူငယ်ချင်းတယောက်ရှိတယ်..
တနေ့တော့..သူ့ကိုပြောလိုက်တယ်..ငါတရားထိုင်ကြည့်အုံးမယ်လို့။
ပြောပြီးတဲ့နေကစပြီး..မပျက်မကွက် ရသလောက် အချိန်လေး ထိုင်ဖြစ်ခဲ့တယ်။
တခါတလေ ထိုင်ဖို့..စဉ်းစား..နေရင်တောင်..ပြောထားပြီးမလုပ်တာမကောင်းဘူးဆိုပြီး ချက်ချင်းဘုရားစင်ရှေ့ရောက်သွားတတ်တယ်။
(စာကြွင်း။ ဒီသူငယ်ချင်းကို ကျမတော်တော်အလေးအနက်ထားပါတယ်..)
သူငယ်ချင်းကိုတော့ဒီအကြောင်းမပြောဖြစ်ခဲ့ပါဘူး။ သူလည်း ဒီမှာ လာဖတ်မှာပါ။
ပြောချင်တဲ့လိုရင်းကိုမရောက်နိုင်ဘူး.. sorry ပါ။ ဆက်ဖတ်ပေးပါ။
တရားထိုင်မယ်ဆိုတော့လည်းဖြစ်သလိုထိုင်လို့မဖြစ်ဘူးလေ...ဒါနဲ့မေးရမြန်းရတာပေါ.။ အဲ့ဒီမှာ..အရှင်ဆန္ဒာဓိက ရဲ့ စာလေးကိုဖတ်မိပါတယ်.။
ဒီလိုရေးထားပါတယ်...
”သတိထားပြီး ဘယ်လို အသက်ရှူမလဲ”
အသက်ရှူသွင်း၊ ရှူထုတ် လုပ်လိုက်လို့ နှာသီးဝ (သို့မဟုတ်) အထက်နှုတ်ခမ်းဖျား လေထိသွားတဲ့နေရာမှာ စိတ်ကို၊ သတိကို ကပ်ထားပြီး
လေ၀င်ရင် ”၀င်တယ်”၊ လေထွက်ရင် ”ထွက်တယ်” လို့ ရှုမှတ်ပြီး အသက်ရှူရပါမယ်။
လေ၀င်သွားတဲ့အခါ နှာသီးဝကို ထိပြီး ၀င်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို သတိကို ကပ်ထားပြီး ၀င်တယ် လို့ရှုမှတ်ရပါမယ်။
အတွင်းဝင်သွားတဲ့လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အတွင်းပျံ့ လွင့်မှု ဖြစ်ပါတယ်။
လေထွက်သွားတဲ့အခါ နှာသီးဝကို ထိပြီး ထွက်သွားပါတယ်။ ထိတဲ့နေရာလေးမှာ စိတ်ကို သတိကို ကပ်ထားပြီး ထွက်တယ် လို့ရှုမှတ်ရပါမယ်။
အပြင်ထွက်သွားတဲ့လေကြောင်းနောက် စိတ်မလိုက်ရပါဘူး။ လိုက်ရင် အပြင်ပျံ့ လွင့်မှု ဖြစ်ပါတယ်။
လေ၀င်တဲ့အခါမှာရော၊ လေထွက်တဲ့အခါမှာရော နှာသီးဝ လေထိတဲ့နေရာ တစ်နေရာတည်းမှာဘဲ စိတ်ကို ကပ်ထားရပါမယ်။
လေသွားရာလမ်းကြောင်းတစ်လျှောက် စိတ်မလိုက်ရပါဘူး။
”၀င်လေ၀င်တိုင်းထိ၊ ထိတိုင်းသိ၊
ထွက်လေထွက်တိုင်းထိ၊ ထိတိုင်းသိ”
ဒါဟာ ရှုမှတ်နည်း အကျဉ်းချုပ်ပါပဲ။ တဲ့....
မှတ်ချက်၊ ။ လူတိုင်းစိတ်မ၀င်စားတဲ့ Topic ဆိုတာသိပါတယ်။ စာဆိုတာဖတ်ထားရင် တနေ့တော့ အသုံးတည့်ကောင်းတည့်မှာပါ။
လူတိုင်းအိုကြမှာပါ။ လူတိုင်းနာကြမှာပါ။ လူတိုင်းသေကြမှာပါ။
”မသေခင်ဘာလုပ်ကြမလဲ?”
ကျမအတွက်ကတော့ တရားထိုင်နေတဲ့အခိုက်အတန့်မှာ စိတ်ငြိမ်းချမ်းပါတယ်..။
Thursday, May 10, 2007
သူငယ်ချင်းဆိုတာ...
*ကျမ သူငယ်ချင်းပြောဖူးတဲ့စကားလေးကို အမှတ်တရတင်ထားတာပါ*
သူငယ်ချင်းဆိုတာ..
ပျော်ရွင်မှုကို နှစ်ဆ
ကြေကွဲမှုကို တ၀က် ဖြစ်စေတတ်သူပါ။
ပီတိ
ဒီ ဘလောက်ကိုမတင်ခင်က..ခင်မင်ရပါသော..အဝေးက..သူငယ်ချင်းကို အကူအညီတောင်းမလို့ လှမ်းပြီး connect လုပ်တာ မရခဲ့ပါဘူး..
ဟိုရှာ ဒီရှာ..ဟိုဖတ်ဒီဖတ်နဲ့စမ်းပြီးတင် လိုက်တာ..ဘလောက်တစ်ခုတော့ တက်လာတယ်..
သူများဘလောက်တွေနဲ့ယှဉ်ရင် ဘာပုံမှမပေါက်တဲ့.ကိုယ့်ဘလောက်လေးကို ကြည့်ပြီး နဲနဲတော့ ပီတိဖြစ်နေသလားလို့..
စိတ်ထဲမှာတင်ချင်တဲ့အကြောင်းအရာတွေကတော့ရှိတယ်..ခက်တာက ကိုယ်တိုင် အခုထိအဲ့ဒီ source ကိုရှာရဦးမယ်..